ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု၏ မဟာဗျူဟာဖြစ်သော လယ်ယာစိုက်ပျိုးထုတ်လုပ်မှု မှာ ၁၉၇၅ ခုနှစ် တစ်မျိုးသားလုံးပေါင်းစည်းပြီးနောက်ပိုင်းကာလတွင် တစ်နှစ်နှင့်တစ်နှစ် မတူ သိသာစွာ တက်ကျပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။ အထူးသဖြင့် လယ်ယာကဏ္ဍ၏ မှတ်တမ်းတင်တိုးတက်မှုမှာ ၁၉၇၆ ခုနှစ်တွင် ရရှိခဲ့သည်။ ၁၉၇၅ ခုနှစ်အပေါ် ၁၀ ရာခိုင်နှုန်းထိ တိုးတက်ခဲ့သည်။ သို့သော် ၁၉၇၇ နှင့် ၁၉၇၈ ခုနှစ်များတွင်မူ ၁၉၇၆ ခုနှစ် ထုတ်လုပ်မှု၏ ၉၅ ရာခိုင်နှုန်းခန့်ထိ ကျဆင်းသွားခဲ့ရာမှ ၁၉၇၆ ခုနှစ် ထုတ်လုပ်မှုကို ၁၉၇၈ ခုနှစ်ရောက်မှ ပြန်လည် ကျော်လွန်နိုင်ခဲ့လေသည်။
ဗီယက်နမ် သီးနှံနှင့် အသားထုတ်လုပ်မှုသည် ဖော်ပြပါကာလအတွင်း တစ်ခုလျော့ တစ်ခုကူ သည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ၁၉၇၇ ခုနှစ်တွင် အသားထုတ်လုပ်မှုတန်ဘိုး ၈ ရာခိုင်နှုန်းတိုးတက်မှုသည် သီးနှံထုတ်လုပ်မှု ၈ ရာခိုင်နှုန်း ကျဆင်းြခင်း (အထူးသဖြင့် စပါးထွက်ရှိမှု ၁ မက်ထရစ်တန် လျော့နည်းထွက်ရှိခြင်း)ကို ကာမိစေကြောင်း တွေ့ရသည်။ ၁၉၇၈ ခုနှစ်တွင်မူ ပြောင်းပြန်ဖြစ်သည်။ အသားထုတ်လုပ်မှု များစွာကျဆင်းသွားခြင်းကို နှံစားသီးနှံ ထုတ်လုပ်မှု သိသာစွာ တိုးတက်ခြင်းက ကာမိစေခဲ့သည်။ ဤကာလတွင် သီးနှံ ထုတ်လုပ်မှုတန်ဘိုးသည် အကြမ်းအားဖြင့် သားငါးထုတ်လုပ်မှု၏ ၄ ဆမျှရှိသည်။
ဗီယက်နမ် စိုက်ပျိုးရေးဆိုင်ရာ ပြဿနာများတွင် ၁၉၇၇ ခုနှစ် မိုးခေါင်မှု၊ ၁၉၇၈ ခုနှစ် တိုက်ဖွန်းမုန်တိုင်းကြောင့် ရေကြီးမှု အပါအဝင် ထူးထူးခြားခြား ဆိုးရွားသော ရာသီဥတု အြေခအနေများမှာ ရှေ့ဆုံးမှ ပါဝင်နေသည်။ မိုးခေါင်မှုကြောင့် ဆည်ရေပေးဝေရေးစံနစ်များ ပျက်စီးခဲ့ရသကဲ့သို့ ရေကြီးမှုကြောင့်လည်း ပျက်စီးခဲ့ရသည်။ ထို့ပြင် ရေကြီးမှုကြောင့် ကျွဲနွားကောင်ရေ ၂၀ ရာခိုင်နှုန်းခန့် လျော့ပါးခဲ့ရသည်ဟု ဆိုသည်။ ဤအချက်က ဗီယက်နမ်ကိန်းဂဏန်းများတွင် ၁၉၇၈ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်ထိ ကာလအတွင်း တိရိစ္ဆာန်ကောင်ရေ (အထူးသဖြင့် ကျွဲနွား) တိုးတက်မှုမရှိရခြင်းကို သွယ်ဝိုက်သောနည်းဖြင့် ဖော်ပြနေပေသည်။ ဒုတိယငါးနှစ်စီမံကိန်းကာလ၊ အထူးသဖြင့် ၁၉၇၀ လွန်နှစ်များ နောက်ပုိင်းတွင် ဓါတ်ြေမသြဇာ၊ ပိုးသတ်ဆေးနှင့် စက်ကိရိယာအရန်ပစ္စည်းများ ပြတ်လပ်မှု များလည်း ဖြစ်ပေါ်ခဲ့သည်။
ဤသို့သော အြေခအနေများကြောင့် ဒေသများစွာတွင် အထူးသဖြင့် စီမံကိန်းကာလ ခတ် စောစောပိုင်း၌ ၁၉၈၀ ပြည့်နှစ်အရောက်တွင် စားနပ်ရိက္ခာဖူလုံအောင် ထုတ်လုပ်နိုင်မည် ဟူသော မျှော်လင့်ချက်ကို ပျက်ပြယ်စေလေသည်။ ၁၉၈၀ ြပည့်နှစ်တွင် ရိက္ခာသီးနှံ တန် ၂၁ သန်းထုတ်လုပ်ရန် မျှော်မှန်းချက်ကို ၁၅ သန်းထိ လျှော့ချမျှော်မှန်းသည့်တိုင် ယင်းလျော့နည်းရည်မှန်းချက်ကိုပင် ပြည့်မီအောင် မထုတ်လုပ်နိုင်ခဲ့ပေ။
၁၉၇၆ ခုနှစ်မှ ၁၉၈၀ ပြည့်နှစ်ကာလအတွင်း ချမှတ်ခဲ့သော စိုက်ပျိုးရေးပေါ်လစီများမှာ လည်း ရည်မှန်းချက်ရောက်အောင် မဆောင်ရွက်နိုင်ချေ။ အထောက်အပံ့ပေးသော ရိက္ခာသီးနှံများ (ကန်ဇွန်းဥ၊ ပီလောပီနံ၊ ပဲနှင့် အစေ့ထုတ်ပြောင်း) များ ပိုမိုထုတ်လုပ်ရေးကို အလေးထား ဆောင်ရွက်ခဲ့ရာ ၁၉၇၅ ခုနှစ်က ရိက္ခာသီးနှံထုတ်လုပ်မှုစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၁၉၇၀ ပြည့်လွန်နှစ်များနောက်ပိုင်းကာလတွင် ၂၀ ရာခိုင်နှုန်းထိ တိုးတက်ခဲ့သည်။ ၁၉၇၈ ခုနှစ်နှင့် ၁၉၇၉ ခုနှစ်များတွင် ကျေးလက်ဒေသများသို့ လူသုံးကုန် ပစ္စည်းများ ရရှိရေး၊ နိုင်ငံတော်က သီးနှံဝယ်ယူသည့် စျေးနှုန်းများ မြှင့်တင်ပေးခြင်းဖြင့် တောင်သူလယ်သမားတို့အား မက်လုံးပေးခဲ့သည်။ ထုတ်လုပ်သူများအား ယင်းတို့ထွက်ကုန် နှင့် လယ်ယာသွင်းအားစုပစ္စည်းများ လဲလှယ်သည့် ကန်ထရိုက်စံနစ်ကိုလည်း ပြန်လည် အားဖြည့် ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း ဗျူရိုကရေစီဆန်မှုနှင့် ကုန်ပစ္စည်းပြတ်လပ်မှု များ ဖြစ်ပေါ်ခဲ့၍ အောင်မြင်မှု အပြည့်အဝ မရရှိခဲ့ပေ။
၁၉၇၇ ခုနှစ် နှစ်လယ်တွင် တောင်နှင့်မြောက် ပေါင်းစည်းရေးအရ တောင်ပိုင်းဒေသတွင် ဘုံလယ်ယာထူထောင်ရေး ကြိုးပမ်းသောအခါ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ခဲ့ရလေသည်။ ဒေသအာဏာပိုင်များက တောင်သူလယ်သမားများ မိမိဆန္ဒအလျောက် ဘုံလယ်ယာတွင် ပါဝင်လာစေရန် ဆောင်ရွက်သောအခါ တောင်ပိုင်းသား လယ်သမားများမှာ ကိုယ်ပိုင်လုပ်သူများပြီး သီးစားလုပ်သူနည်းသည်နှင့်အညီ အချင်းချင်းယိုင်းပင်းကူညီရေး ကုန်ထုတ်အဖွဲ့များ ဖွဲ့စည်းခြင်း (ချက်ခြင်း လက်သင့်ခံသည့် အစီအစဥ်ဖြစ်သည်)မှအပ ကျန် ကိုယ်ပိုင်ပစ္စည်းဥစ္စာကို ထိပါးသည့် ဘုံလယ်ယာအစီအစဥ်များကို ဆန့်ကျင်ကြသည်။
ဆန္ဒအလျောက် ဘုံလယ်ယာအစီအစဥ်များ မအောင်မြင်သောအခါ အတင်းအကြပ် ဆောင်ရွက်မှုများ ပြုလုပ်လာခဲ့သည်။ ယင်းတို့မှာ အကျိုးမရှိမှန်း သိရှိလာပြီး ၁၉၇၈ ခုနှစ် နောက်ပိုင်းနှင့် ၁၉၇၉ ခုနှစ်တွင် ရိက္ခာပြတ်လပ်မှုများ ဖြစ်ပေါ်လာခဲ့ရာ ခေါင်းဆောင်ပိုင်းက တောင်ပိုင်းဒေသ စိုက်ပျိုးရေး ကြပ်မတ်မှုများကို လျှော့ပေါ့ပေးခဲ့သည်။
ြေမာက်ပိုင်းတွင်မူ ၁၉၅၉၊ ၁၉၆၀ ခုနှစ်များကပင် သမဝါယမလယ်ယာများ စတင်ဖွဲ့စည်းခဲ့ရာ ၁၉၆၅ ခုနှစ်ရောက်သောအခါ လယ်သမားအိမ်ထောင်စု ၉၀ ရာခိုင်နှုန်းမှာ အဖွဲ့ဝင်များဖြစ်နေပြြီဖစ်သည်။ ၁၉၇၅ ခုနှစ်တွင် ၉၆ ရာခိုင်နှုန်းမှာ အဆင့်မြင့် သမဝါယမ အဖွဲ့ဝင်များ အဆင့်သို့ရောက်ရှိနေပြြီဖစ်သည်။ အဆင့်မြင့်ဆိုသည်မှာ မိမိဝင်ငွေအတွက် ြေမယာ၊ ထွန်ထယ်၊ ကျွဲနွား၊ လုပ်အားတို့ကို ထည့်ဝင်ဆောင်ရွက်နေပြီ ဖြစ်သည်။
၁၉၇၆ ခုနှစ်မှ ၁၉၈၀ ြပည့်နှစ်ထိ ကာလအတွင်း မြောက်ပိုင်း၏ စိုက်ပျိုးရေးပေါ်လစီကို သီးနှံစိုက်ပျိုးမှု ဆုံးဖြတ်ချက်များနှင့် အခြားသော လယ်ယာလုပ်ငန်းများတွင် ဗဟိုက ထိန်းချုပ်မှုကို ပိုမိုကောင်းမွန်စေရန် အသစ်ဖွင့်လှစ်လိုက်သော ခရိုင်ရုံးများက အကောင်အထည်ဖော်ကြသည်။ စစ်ပွဲကာလတွင် နိုင်ငံတော်က လယ်ယာမူဝါဒများကို တင်းတင်းကြပ်ကြပ် အကောင်အထည်ဖော်သဖြင့် သမဝါယမအသင်းဝင်များသည် အမျိုးမျိုးသော လုပ်ငန်းဆောင်တာများတွင် ပျော့ပြောင်းနူးညံ့စွာ ဆောင်ရွက်မှုများ လျော့နည်းပပျောက်လာသည်။ ဤသို့ဖြင့် လုပ်အား၏ ကုန်ထုတ်စွမ်းအားလည်း ကျဆင်း လာသည်။ ပြည်ပရောက် ဗီယက်နမ်လူမျိုးများက ဆန်စပါးစိုက်ပျိုးသောသမဝါယမအသင်း များအား ကွင်းဆင်းလေ့လာချက်တစ်ရပ်တွင် ၁၉၇၅၊ ၁၉၇၆ နှင့် ၁၉၇၇ ခုနှစ်များတွင် လုပ်အားနှင့်မြေယာများ ပိုမိုထည့်ဝင်သော်လည်း ၁၉၇၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်ထိကာလနှင့် နှိုင်းယှဥ်ပါက ကုန်ကျစရိတ်များ မြင့်တက်လာပြီး ကုန်ထုတ်လုပ်မှု ကျဆင်းလာကြောင်း တွေ့ရသည်ဟု ဆိုသည်။ သို့သော် ဤလေ့လာမှုတွင် ရာသီဥတုနှင့် အခြားအချက်အလက် များ ထည့်သွင်းစဥ်းစားခြင်း မရှိသော်လည်း အခြားနိုင်ငံများ၏ ဘုံလယ်ယာ အကျိုးသက်ရောက်မှုများအား လေ့လာတွေ့ရှိချက်နှင့် ကိုက်ညီသည်ဟု သိရသည်။ ထို့ပြင် ဤလေ့လာချက်က ဗီယက်နမ်၏ တာရှည်နေသော ရိက္ခာပြဿနာမှာ ြေမာက်ပိုင်း စိုက်ပျိုးရေး ညံ့ဖျင်းကျဆင်းမှုကြောင့်ဖြစ်ကြောင်း သတိပြုမိစေပေသည်။
တတိယငါးနှစ်စီမံကိန်းကာလအတွင်း နိုင်ငံတော်၏ လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများမှာ နိမ့်ကျနေဆဲပင်ြဖစ်သည်။ ဤသို့ဖြင့် လယ်ယာကဏ္ဍသည် စီမံကိန်းကာလမှ ၁၉၈၆ နှင့် ၁၉၈၇ ခုနှစ်များထိတိုင် အကြပ်အတည်းများဖြင့် ရင်ဆိုင်ခဲ့ရလေသည်။ ရိက္ခာသီးနှံများ ထုတ်လုပ်မှုမှာ တစ်နှစ်ပျမ်းမျှ ၅ ရာခိုင်နှုန်းခန့်သာ တင့်သင့်စွာ တိုးတက်ခဲ့သည်။ ဤတိုးတက်နှုန်းသည် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း လူဦးရေတိုးတက်မှုနှုန်း ၂.၃ ရာခိုင်နှုန်းထက် ကောင်းစွာ သာလွန်နေသော်လည်း လူတစ်ဦးတစ်နှစ် အခြေခံလိုအပ်ချက် ရိက္ခာစားသုံးမှု ၃၀၀ ကီလိုဂရမ်အထက် ရရှိနေရန်အတွက်ကား လုံလောက်မှုမရှိပေ။ ဗီယက်နမ်အစိုးရ ဇစ်ြမစ်တစ်ခု၏ အဆိုအရ ၁၉၈၆ ခုနှစ်တွင် လယ်ယာမိသားစုများသည် ၄င်းတို့ဝင်ငွေ၏ ၈၀ ရာခိုင်နှုန်းကို မိမိတို့ရိက္ခာလိုအပ်ချက်ဖြည့်ဆည်းရန် သုံးစွဲနေရသည်ဟု ဆိုသည်။
တတိယငါးနှစ်စီမံကိန်း အပြီးသတ်ကာလတွင် လယ်ယာကုန်ထုတ်လုပ်မှုများ နိမ့်ကျနေဆဲ ဖြစ်ရာ စက်မှုနိုင်ငံထူထောင်ရေးအတွက် အရင်းအမြစ်များ ပြောင်းလဲသုံးစွဲနိုင်သည့် အြေခ အနေမရှိသေးပေ။ ၁၉၈၆ ခုနှစ်စာရင်းများအရ တစ်မျိုးသားလုံးဝင်ငွေ၏ ၄၄ ရာခိုင်နှုန်းကို လယ်ယာကဏ္ဍက ရှာဖွေပေးသည်ဟု ဆိုသည် (ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ၁၀ ရာခိုင်နှုန်းခန့်သာရှိသည်)။ အလုပ်လုပ်သူဦးရေ၏ ၆၆ ရာခိုင်နှုန်းမှာ လယ်ယာကဏ္ဍတွင် အလုပ်လုပ်ကိုင်ကြသည်။ ဤရာခိုင်နှုန်းမှာ ၁၉၇၆ ခုနှစ်နှင့် ၁၉၈၀ ပြည့်နှစ်များတွင် ၄င်းထက်ပင် ပိုများသေးသည်ဟု သိရသည်။ ပိုဆိုးသည့်အချက်မှာ စီမံကိန်းကာလအတွင်း လယ်ယာလုပ်သား တစ်ဦးကျ ကုန်ထုတ်လုပ်မှုမှာ ကျဆင်းနေသည့်အချက်ြဖစ်သည်။ စက်မှုလုပ်သားများ၏ တစ်ဦးကျ ကုန်ထုတ်လုပ်မှု၏ အောက်သို့ ရောက်နေပေသည်။ ၁၉၈၀ ပြည့်နှစ်တွင် စက်မှုလုပ်သားတစ်ဦး၏ ကုန်ထုတ်လုပ်မှုကို မီရန် လယ်ယာလုပ်သား ၃ ဦးနှင့်အထက် လိုသည်ဟုဆိုသည်။ ၁၉၈၅ ခုနှစ်ရောက်သောအခါ စက်မှုလုပ်သားသည် လယ်ယာလုပ်သားထက် ၈ ဆမျှ ပိုမိုကုန်ထုတ်နိုင်လာသည်။
၁၉၈၆ ခုနှစ်၊ ဒီဇင်္ဘာလတွင် ဝန်ကြီးများကောင်စီ၏ ဒုတိယဥက္ကဌနှင့် နိုင်ငံရေးဗျူရို အဖွဲ့ဝင်ဖြစ်သူ ဘုိဗန်ကိယက်က ၇ ကြိမ်မြောက် အမျိုးသားလွှတ်တော်၏ ၁၂ ကြိမ်မြောက် အခမ်းအနားတွင် ဗီယက်နမ်လယ်ယာကဏ္ဍ၏ အဓိကပြဿနာရပ်များကို ၄င်း၏ မိန့်ခွန်း တွင် ထည့်သွင်းပြောကြားခဲ့သည်။ ငါးနှင့်သစ်တောကဏ္ဍများတွင် အောင်မြင်မှုများရှိသော်လည်း လယ်ယာကဏ္ဍတစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းခန့်ပါဝင်သော သီးနှံကဏ္ဍမှာ ၁၉၈၆ ခုနှစ် စီမံကိန်းရည်မှန်းချက်များကို ပြည့်မီခြင်းမရှိကြောင်း ထုတ်ဖော် ေပြာဆိုခဲ့သည်။ ကိယက်က ဝန်ကြီးများကောင်စီ၊ အမျိုးသားစီံမံကိန်းကော်မရှင်၊ နိုင်ငံခြား ကုန်သွယ်ရေးဝန်ကြီးဌာနတို့ကဲ့သို့သော နိုင်ငံတော်အဖွဲ့အစည်းများကိုလည်း လယ်ယာကဏ္ဍ တိုးတက်ရေးအတွက် တင့်သင့်မျှတသော ပစ္စည်းများ (အထူးသဖြင့် ဓါတုဓါတ်ြေမသြဇာနှင့် ပိုးသတ်ဆေးများ အလုံအလောက်ရရှိရေး) ရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိသည်ကိုလည်း ပြစ်တင် ပြောကြားခဲ့သည်။ ကိယက်အနေဖြင့် ဗီယက်နမ်၏ ပို့ကုန်သီးနှံများဖြစ်ကြသော ဂုန်လျှော်၊ ကြံ၊ မြေပဲ၊ ကော်ဖီ၊ လက်ဘက်နှင့် ရော်ဘာအပါအဝင် စက်မှုကုန်ကြမ်းသီးနှံများ ထွက်ရှိသင့်သလောက် မထွက်ရှိသဖြင့် နိုင်ငံတော်၏ ဈေးနှုန်းစံနစ်ကိုလည်း ဝေဘန်ပြောဆိုခဲ့သည်။ ထောက်ပံ့ကြေးပေး ရိက္ခာသီးနှံများဖြစ်ကြသည့် ကန်ဇွန်းဥ၊ ပြောင်းနှင့် ပီလောပီနံ ထုတ်လုပ်မှုများမှာလည်း စီမံကိန်းရည်မှန်းချက်နှင့် အမှန်ထွက်ရှိမှုနှစ်ခုစလုံးမှာ နှစ်ကာလရှည်ကြာစွာ ဆက်တိုက် ကျဆင်းနေခဲ့သည်။ ကျွဲနွား ကြက် ဝက် အပါအဝင် တိရိစ္ဆာန်မွေးမြူရေး ကုန်ထုတ်လုပ်မှုများမှာမူ နိုင်ငံတော်ဖြန့် တိရိစ္ဆာန်အစားအစာ ပြတ်လပ်မှုများရှိနေသည့် ကြားမှပင် တိုးတက်မှုများရရှိခဲ့သည်ဟု အစိုးရ အစီရင်ခံစာများက ဆိုသည်။
ပြင်ပ လေ့လာအကဲခတ်သူများကမူ ကိယက်၏ မိန့်ခွန်းပါ ပြဿနာများမှာ ချဲ့ကားထားသည် ဟု သဘောတူကြသည်။ ဈေးနှုန်းစနစ်မှာလည်း သတ်မှတ်ဈေးနှုန်းဖြင့် ကိုတာစနစ်၊ ကိုတာ ပြင်ပ နိုင်ငံတော်ကဝယ်သည့်စံနစ်၊ အများအားဖြင့် ဈေးပိုမိုရလေ့ရှိသော ပြင်ပဈေးကွက် ဟူ၍ ၃ မျိုး ပါဝင် ရှုတ်ထွေးနေသည်။ ဈေးကွက်အမျိုးမျိုးကြားတွင် နိုင်ငံတော်က ထိန်းချုပ်ထားသော အခြေခံဈေးကွက်များတွင် ပြုပြင်ပြောင်းလဲမှုများ ထင်ရှားစွာာ တွေ့မြင်ရခြင်း မရှိသေးသော်လည်း ဆဌမအကြိမ် အမျိုးသားပါတီကွန်ဂရက်တွင် ရှေးရိုးစွဲ ခေါင်းဆောင်များအား ဖယ်ရှားခြင်း၊ ကိယက်ကဲ့သို့ ပြုပြင်ပြောင်းလဲရေးသမားများ ပါတီနှင့် အစိုးရ ထိပ်ပိုင်းတွင်ပါဝင်လာခြင်း၊ ၁၉၈၇ ခုနှစ် နှစ်ဦးပိုင်းတွင် ကက်ဘိနက်ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းတို့သည် ေဈးနှုန်းစံနစ်ကို ပြန်လည်ပြုပြင်မည့်သဘောကို ဖော်ပြနေပေသည်။